လှည်းကူး မတ် ၁၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက်(၉)နာရီက လှည်းကူး-ဒါးပိန်လမ်းမ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ရုံး ရှေ့တွင် အသိပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အမှုဆောင် အရာရှိ ဦးခင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကရုဏာရှင်အသင်းနှင့် လူမှုရေးအသင်းအဖွဲ့တို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) (၆၅၀)ခုတို့ကို လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ အနှေးယာဉ်မောင်းနှင်သူများကိုလည်း အခမဲ့ ဝေငှပေးခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်ဦးက "လူစည်ကားရာနေရာများဖြစ်သော ဈေး၊ ကားမှတ်တိုင်၊ အနှေးယာဉ်ဂိတ်နှင့် လှည်းကူးတာဆုံတို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဝိုင်းဝန်းလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
နိုင်လင်း(လှည်းကူး)