ဆားလင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဖွင့်လှစ်

ဆားလင်းကြီး ဒီဇင်ဘာ    ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ဆားလင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေး နည်းပညာပေး သင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတွင် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက သင်တန်း ပြုလုပ်ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးစိုးမြတ်က ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်းနှင့် ပတ်သက်၍ လိုအပ်ချက်      မရှိပါက ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာ၀မြေဩဇာနှင့် သဘာ၀ပိုး သတ်ဆေး ပြုလုပ်သုံးစွဲရေး၊ စပါးခင်းအတွင်း ဖျက်ပိုးများကျရောက်မှု မရှိစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်စန္ဒာမိုးက ရာသီဥတုပြောင်းလဲမှုနှင့်အညီ သီးနှံပုံစံပြောင်းလဲရေး၊ မျိုးစေ့အရည်အသွေး ပြည့်မီရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဦးဒစီးဌာနမှ မြိုပနယ်ဦးစီးမှူး ဒေါ်သဇင်အောင်က GAPနှင့် ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တက်ရောက်လာကြသော တောင်သူများနှင့် ဝန်ထမ်းများအား ရှင်းရှင်း လင်းလင်း သိရှိနိုင်စေရေး သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စိုက်ပျိုးရေးနည်းပညာပေး သင်တန်းသို့ ဆားလင်းကြီးမြို့နယ်အတွင်းမှ တောင်သူ (၁၅) ဦးနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၅)ဦး ၊ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဥမ္မာခိုင် (ဆားလင်းကြီး ၊ ပြန်/ဆက်)