စစ်ကိုင်းမြို့မှ လေကြောင်းခရီးစဉ်ဖြင့်သွားလာမည့်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်ရန် စီစဉ် ဆောင်ရွက်

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းမြို့မှ လေကြောင်းခရီးစဉ်ဖြင့် သွားလာမည့်သူများအား ကိုဗစ်-၁၉  ရောဂါပိုး   ရှိ/မရှိ Antigen Diagnostic Test (RDT) နည်းဖြင့် စစ်ဆေးပေးနိုင်ရန်  စစ်ကိုင်းခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းတွင် ယာယီပိတ် ထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၁၀)ရက်က ကျင်းပပြုလုပ် သည့် Coronavirus Diaease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးအသား အဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်များ (Domestic Scheduled Flights) ကို ဒီဇင်ဘာ(၁၆)ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည့်အတွက် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ၌ လိုက်ပါကြမည့်ခရီးသည် များအား ကိုဗစ်-၁၉  ရောဂါပိုး  Antigen Diagnostic Test (RDT) နည်းဖြင့် ရှိ/မရှိ စစ်ဆေးပေး နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စစ်ဆေးပေးနိုင်မည့် နေရာများ သတ်မှတ်ဆောင်ရွက်ထားရှိရန်ပါရှိပါသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်များအရ စစ်ကိုင်းမြို့မှအပြည်ပြည်ဆိုင်ရာ  တံတားဦး လေဆိပ်သို့ လေကြောင်း ခရီးစဉ်များဖြင့် သွားလာကြမည့် ပြည်သူများအား ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး  ရှိ/မရှိ Antigen Diagnostic Test (RDT)နည်းဖြင့် စစ်ဆေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ဖြစ်ကြောင်းသိရသည်။

မျိုးဝင်း(ပြန်/ဆက်)