သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက ဦးဘနီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက အသင်းအနေဖြင့် လုပ်ဆောင်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများနှင့် ရှေ့ဆက်လုပ်‌ဆောင်သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လှူဒါန်းသော အလှူငွေများအား သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်စည်သူက ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင်များက သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အထွေထွေကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ သင်္ဃန်းကျွန်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သင်္ဃန်းကျွန်းခရိုင်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ ခရိုင်အတွင်း၌ ဘာသာရေးပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့်ဆက်နွယ်သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အား တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)