မင်္ဂလာတောင်ညွန့် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၁၀)နာရီအချိန် သိမ်ဖြူမီးရထားရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မြို့နယ်လဝကမှူး ဦးလင်းထိန်ဦးဆောင်၍ ဝန်ထမ်းများသည် သိမ်ဖြူမီးရထားရပ်ကွက်၊ သာသနာ့ဟိတဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဆွေတို့က ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများနှင့် အသက်၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)