မင်္ဂလာတောင်ညွန့် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ(၂၅)ရက်နေ့နံနက်(၁၀)နာရီအချိန်က စက်ဆန်းရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မြို့နယ်လဝကမှူး ဒေါ်ဌေးဌေးအောင်ဦးဆောင်၍ ဝန်ထမ်းများသည် စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထဋ်တို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အသက်၁၈နှစ်ပြည့်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)