ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြန်မာ့သားကောင်း)တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူတို့က မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသော ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့်ထုတ်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (၄၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၂)ကတ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြားများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကျန်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများနှင့် ဝန်ထမ်းအိမ်ယာအတွင်း နေထိုင်ကြသော နိုင်ငံ့ဝန်ထမ်း စစ်သည်မိသားစုများ၏ ပျောက်ဆုံး/ပျက်စီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ထောက်လဝကမှူး ဒေါ်သန်းသန်းစိုးနှင့်အဖွဲ့က ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်လဝကဦးစီးမှူး ဦးအေးကျော်က လိုက်လံကြည့်ရှု၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)