ဗန်းမောက်မြို့နယ်တွင် နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign လူထုလှုပ်ရှားမှု ဆောင်ရွက်

ဗန်း‌မောက် ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့်ကြိုတင်ကာကွယ်‌ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး အသိပေး နှိုးဆော်ခြင်းနှင့် လူထုလုပ်ရှားမှု (Mask Campaign)ကို ယမန်နေ့နံနက်ပိုင်းက မြို့မ စည်ပင်သာယာရေး စျေးအတွင်းအပြင်နှင့် လူစည်ကားရာ ဗိုလ်ချုပ်လမ်းမတစ်လျှောက်၌ နှာခေါင်းစည်း  (Mask) အခမဲ့ဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ရာတွင် မြို့မစည်ပင်သာယာစျေးအတွင်း အပြင် စျေးရောင်းချနေသည့် ပြည်သူများနှင့် စျေးဝယ်လာသူများ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမ တစ်လျှောက်သွားလာသူများအား ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သုံးစွဲရေးကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စျေးရောင်း၊ စျေးဝယ်လာသူများ၊ လမ်းသွား၊ လမ်းလာများကို (Mask) အခုရေ
(၁၀၀၀) အခမဲ့ဖြန့်ဝေခဲ့ရာ ပြည်သူအများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိ‌ရောက်စွာကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေး လုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည့် အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော် ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်လင်း က ပြောသည်။

ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ကို မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအေးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်း နှင့်ဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းထက်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူဟန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်တို့က ပူးပေါင်း ကူညီဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။     

ကျော်စွာ(ဗန်းမောက်)