ဘားအံ ၊ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန် ဥပဒေများကို လည်း ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ကလေးသူငယ်များရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း ကလေးသူငယ်များ ၏အရေးကိစ္စများ၊ အမှုအခင်းများကိုလည်း မိမိတို့ တက်နိုင်သည့် ဘက်မှတာဝန်ယူဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမူနှင့် UNICEF မှတာဝန်ခံအရာရှိ ဒေါ်သီတာစိမ်းတို့က ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ကလေးသူငယ် ဥပဒေပါအချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ ဌာနအလိုက်ကလေး သူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ဘားအံ(ခရိုင်-ပြန်/ဆက်)