ထန်းတပင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်

ထန်းတပင် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ (၂၆) ရက်နေ့က အမှတ် (၄) အခြေခံပညာမူလတန်း ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်နှင့် ဝန်ထမ်းများကအမှတ် (၄) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်များ သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူ (၁၀၀) ကျော်တို့ လေ့လာဖတ်ရှုခဲ့ကြသလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေနိုင်သည့် သုတ/ရသ စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့် အလေ့အထများ တိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်သို့ သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်