အွန်လိုင်းစနစ်ဖြင့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA) တို့ ပူးပေါင်း ဆောင်ရွက်သော ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှု ဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော သင်တန်းများမှ စာကြည့် တိုက်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်‌ဆွေးနွေးခြင်း၊ ကလေးများ အတွက် စာအုပ်မိတ်ဆက်ခြင်း၊ နည်းလမ်းများအကြောင်း ရှင်းလင်းခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအသစ်ကို မိတ်ဆက်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များမှ လက်ရှိဆောင်ရွက်နေသော အွန်လိုင်းမှ ပုံပြော ခြင်းအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association(SVA)မှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပဲခူးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ နှင့် ပြည်သူ့စာကြည့်တိုက် တာဝန်ခံဝန်ထမ်းများ တက်ရောက် ကြောင်း သိရသည်။

သက်လွင်(ညောင်လေးပင်)