ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ကဝ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနားကို ယမန်‌နေ့က ထဲနန်ကျေးရွာအုပ်စု၊ ထဲနန်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမျိုးခိုင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်က VDP စီမံကိန်းအကြောင်းရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓာတ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူ များ၏ ရပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်များအား ချပြရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများ၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့တို့က ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)