ကိုကိုးကျွန်း ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၂၅ ခုနှစ် G-12 အောင်မြင်မှုမှာ ၆၆.၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ၎င်းအောင်မြင်မှုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်လိုကြောင်း ယခုနှစ် တက္ကသိုလ်အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကို ဂုဏ်ပြုချီးမြှင့်ကြရန် ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းများကို ယခုလိုခေါ်ယူညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များဖြစ်သော ဦးဝင်းကြိုင်နှင့် ဦးသက်မောင်မောင်တို့မှ ယခုလို တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရရှိသည့်အတွက် ကျောင်းသားများနှင့်မိဘများအတွက် အထူးပင်ဝမ်းသာပီတိဖြစ်ပါကြောင်း ထို့ပြင် ကိုကိုးကျွန်း အ-ထ-ကအတွက်လည်း မှတ်တမ်းကောင်းတစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း နောင်နှစ်များတွင်လည်း ယခုလိုအောင်မြင်မှုများရရှိအောင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက ဆက်လက်ပူးပေါင်း ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကိုကိုးကျွန်းမြို့နယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)