ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း   အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်အမြတ်ရာခိုင်နှုန်းထက် စျေးနှုန်းမြင့်တက်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာသိုလှောင်ထားခြင်း၊ ရှားပါးအောင်ထား၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို သတ်မှတ်ရက်များအလိုက် မြို့နယ်တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)