အင်းစိန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တတိယအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊ သန်လျင်-သုံးခွ-ခရမ်းလမ်းကြီး၊ ကြာနီ ကန်ရေနုတ်မြောင်းအတွင်းသို့ ငါးသယံဇာတရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွံတေးမြို့နယ်ငါးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးဦးသံချောင်းက ငါးမျိုးစိုက်ထည့်မှုအခြေအနေအားရှင်း လင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ကဌာနဆိုင်ရာများသို့ ငါးသားပေါက်များအားလွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တက်ရောက်လာသောဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့်တာဝန်ရှိသူများကကြာနီကန်ရေနုတ်မြောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂)လက်မအရွယ် ငါးမြစ်ချင်း(၃)သိန်းကိုစိုက်ထည့်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသက်မှတ်နေရာများတွင် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့်ငါးခုံးမ ငါးသားပေါက်ကောင်ရေ(၆၆၆၅၀၀၀)ကို စိုက်ထည့်နိုင်ခဲ့ပြီးဖြစ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့က သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါ(ပြည် တွင်း)စက်မှုဇုန်ရှိ Good Brothers´ Co.,Ltd ၏ ဆန်စက်/ ပဲစက်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းအောင်နှင့်ကုမ္ပဏီမှတာဝန်ရှိသူများက မူလအသုံးပြုနေသည့်လျှပ်စစ်အပြင် ဆိုလာ 655W(၂၀၄၈)ချပ်ဖြင့် DC Power 1.341 MWp/ AC Power 1.1 MW တပ်ဆင်အသုံးပြုပြီး လုပ်ငန်းထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့်နှင့် လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြပြီး စက်ရုံးအတွင်းပြသထားသည့်ပြည်ပသို့တင်ပို့နေသော ဆန်အမျိုးအစားများ၊ ပဲအမျိုးအစားများနှင့် စက်ရုံလည်ပတ်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)