မကွေး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ ည ၇ နာရီခွဲအချိန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ထုတ်ပြန်ချက်အရ ပိုးတွေ့အတည်ပြုလူနာ (၃၃)ဦး ထပ်တိုး တွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၀၈၀)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ ရှိနေတာပါ၊ ယမန်နေ့က တွေရှိခဲ့တဲ့ လူနာတွေက RDT စစ်ဆေးမှုဖြင့် ပိုးတွေ့အတည်ပြုလူနာ (၃၃) ဦး ထပ်တိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ ပိုးတွေ့ရှိတဲ့မြို့နယ်တွေက မကွေးက (၁၂) ဦး၊ အောင်လံ (၁၁) ဦး၊ စလင်းနဲ့တောင်တွင်းကြီးက (၄) ဦးစီ၊ ရေနံချောင်းနဲ့ချောက်က (၁) ဦးစီ ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူတွေ၊ အနံ့ပျောက် လက္ခဏာ ပြသူတွေ၊ ယာဉ်မောင်း/ ယာဉ်နောက်လိုက်တွေနဲ့ ဖျားတဲ့လက္ခဏာပြလူနာ (၁) ဦးတို့ ဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၀၈၀)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညနေပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၂၀၈၀) ဦးထိရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ တက်ရောက်ဆဲ (၅၀၈) ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၆၇) ဦးနှင့် သေဆုံးသူက (၅) ဦးရှိကြောင်း မကွေးတိုင်းဒေသ ကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး (ငဖဲ)