ကျောက်တန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်)စက်ဝန်းလုပ်ငန်းများ ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ကျောက်တန်း ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်) စက်ဝန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများက လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ပါဒကြီးကျေးရွာအုပ်စု ဇင်ပြွန်ကုန်းကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်နမှုအား ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများ အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကော်မတီဝင်မျာ၊ စီမံကိန်း အထောက် အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ကျေးရွာက  ကျောက်တန်းမြို့နဲ့ အလှမ်းသိပ်မဝေးသော်လည်း ချောင်းကူးတံတားက ကားတွေကူးလို့မရ၊ ယခင် က လူကူးသစ်သားတံတား ပဲရှိတာဆိုတော့ သွားရေးလာရေးအတွက် အခက်အခဲဖြစ်ပါတယ်၊  အခုဒီတံတားပြီးသွားပြီ ဆိုရင်တော့ ကျေးရွာအတွက် များစွာအကျိုးရှိသွားပါပြီ၊ ကားတွေ ကျေးရွာတွင်းအထိ ဝင်လို့ရတော့မှာဆိုတော့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် အရမ်းကို အဆင်ပြေပါတယ်၊ တာဝန်ယူ ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးရွာကိုယ်စား ကျေးဇူးအထူးတင်ပါတယ်ဟု  ဇင်ပြွန်ကုန်း ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါတံတားမှာ (၇၅ x ၁၀ x ၁၄) ပေဖြစ်ပြီး  စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)