ဘုတလင် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံဆင်ဆာ စနစ်ဖြင့် မီးလင်းသည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်ထားကြောင်း မြတ်သဒ္ဓါ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသိန်းနိုင်ထံမှ သိရသည်။
“ကန်ပတ်လမ်းတစ်လျှောက်မှာ လမ်းလျှောက်သူတွေ၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့သူတွေ အဆင်ပြေအောင်လို့ 40 W ဆိုလာ LED မီးနဲ့ မီးတိုင် ၄၀ တိုင်ကို တပ်ဆင်စိုက်ထူခဲ့ပါတယ်။ ဆိုလာစနစ် ဆိုတော့ ဓာတ်အားကို ၆ နာရီကနေ ၈ နာရီအထိ ထိန်းပေးနိုင်မယ်။ အာရုံခံဆင်ဆာစနစ်လည်း ပါတော့ လူမရှိတဲ့အချိန်မှာ ၃၃ ရာခိုင်နှုန်းပဲ လင်းပေးပြီး လူဖြတ်သွားတဲ့အခါမှ ရာနှုန်းပြည့် မီးလင်းပေးတာဆိုတော့ မီးအားလည်း ချွေတာနိုင်ပါတယ်။ LED မီးတိုင်တွေ တပ်ဆင်လိုက်တော့ မနက်စောစော လမ်းလျှောက်သူ တွေ၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့ သူတွေ ပိုများလာတယ်”ဟု မြတ်သဒ္ဓါလူမှုကူညီရေးအသင်းဥက္ကဌ ဦးသိန်းနိုင်က ပြောသည်။
အဆိုပါ ဆိုလာ LED မီးတိုင်များ တပ်ဆင်ရန်အတွက် မြတ်သဒ္ဓါလူမှုကူညီရေးအသင်း၏ ဦးဆောင်မှု ဖြင့် ဆိုလာ LED မီးနှင့် မီးတိုင် တစ်တိုင်လျှင် ကိုးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကုန်ကျစရိတ် ၃၆ သိန်းကို အဝေးရောက် ဘုတလင်ဇာတိသားများ၊ မြို့ခံအလှူရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် တပ်ဆင်ခဲ့ကြောင်း သိရ သည်။
ဖိုးခါး(ပြန်/ဆက်)