မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ယမန့်နေ့ နေ့လယ် ပိုင်းက(ဃ)ရပ်ကွက်ရှိ အ.လ.က(၄) Quarantine သို့ အမှိုက်ကားဖြင့် လာရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Mask များ စနစ်တကျ ဝတ်ဆင်၍ အရှေ့ပိုင်းခရိုင်အတွင်း Quarantine Centre များထားရှိသည့် မြို့နယ်များမှ အမှိုက်များအား ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်းယာဉ်ဖြင့် လှည့်လည်သိမ်းဆည်း ပြီး အမှိုက်များကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)