ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၁၀၈) ရပ်ကွက် ဦးဖိုးလှိုင်လမ်းနှင့် ကနောင် မင်းသားကြီးလမ်းထောင့်ရှိ ယာယီပျံကျစျေးနှင့် အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်းရှိ ယာယီ ပျံကျစျေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို မလိုက်နာသည့် နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင် ထားခြင်းမရှိသော စျေးရောင်း စျေးဝယ်သူများ၊ လမ်းသွား လမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအပေါ် လိုက်ပါလာသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက (mask) တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့် စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အမှတ် (၁၀၈)ရပ်ကွက် ယာယီပျံကျစျေး၌ ကျား(၃၃)ဦး၊ မ(၈)ဦး အမှတ် ၅ ရပ်ကွက် ယာယီပျံကျစျေး၌ ကျား ၁၆ ဦး၊ မ ၁၈ ဦးတို့အား စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)