ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး လိုအပ်သောဓာတ်မြေဩဇာစာရင်း၊ Drum Seeder များ ရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

အင်းစိန် ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်း ရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေး လိုအပ်သောဓာတ်မြေဩဇာစာရင်း၊ Drum Seederများ ရရှိနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ(၁)ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိခိုက်မှုအများဆုံး ဖြစ်သည့် လုပ်ငန်းများကို ဦးစားပေကဏ္ဍအလိုက် ချေးငွေများထုတ်ချေးခဲ့ပါကြောင်းနှင့် ကိုဗစ်-၁၉ ချေးငွေများဆုံးရှုံးမှု မရှိစေရေးအတွက် အမြန်ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်နေသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည့်အတွက် အခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ တိုင်းဒေသကြီး၏ စီးပွားရေး၊ လူမှုရေးသာယာဝပြောလာမည်ဖြစ်ပါကြောင်း၊ စားရေရိက္ခာ ဖြည့်တင်းရန် စိုက်ပျိုးရေး ထုတ်ကုန် များကို ယခင်ကထက် ပိုမိုတိုးတက်ထုတ်လုပ်လာရန် လိုအပ်ပြီး အဓိကသီးနှံများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ ဖူလုံအောင် လယ်ယာမြေများတွင် တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ နေရာလပ်မကျန် စိုက်ပျိုး သွားကြရန် လိုအပ်ပါကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က  ကိုဗစ်-၁၉ ချေးငွေများ အချိန်မီ ပြန်လည်ပေးဆက်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ဝယ်ယူနိုင်ရေး၊ Drum Seeder များ ရရှိနိုင်ရေးတို့အတွက် ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ချေးငွေစိစစ်ကြီးရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ထုတ်ပေးထားရှိမှုနှင့် အတိုး၊ အရင်းများ ပြန်လည်ကောက်ခံမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)