ရန်ကင်း သြဂုတ် ၃
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသင်တန်းကို သြဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကင်းမြို့နယ် မြို့နယ်ပညာရေးမှူးဒေါ်ဝင်းရည်မွန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ရန်ကင်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်က ကျောင်းသားများမှတဆင့် ပြည်သူတရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားလာပြီး ကျန်းမာပျော်ရွင်သောလူမှုဘဝများရရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ အာဟာရအကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများအကြောင်းစသည့် ကျောင်းကျန်းမာရေးရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်အကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဦးစီးအရာရှိ(သွားကျန်းမာ)ဒေါက်တာနန်းစံအံ့ထူးက သွားရောဂါအကြောင်းသိ ကောင်းစရာများကိုရှင်းလင်းပို့ချခဲ့သည်။ ထို့နောက်တက်ရောက် လာကြသူများကသိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၇ ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းတာဝန်ခံများတက်ရောက်ခဲ့ကြပြီး ကျောင်းကျန်းမာရေးရက်သတ္တပတ်ကို သြဂုတ် ၁၁ ရက်မှ ၁၅ ရက်ထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လှလှထွေး(ပြန်/ဆက်)