တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

တာမွေ ဩဂုတ် ၃        

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့်မြန်မာတိုင်း ရင်းသားလူမျိုးနွယ်စုများအားကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကိုပန်းခင်းစီမံချက် (၃)ဖြင့်မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပန်းခင်းစီမံချက်(၃)ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ်ရှိ မအူကုန်းရပ်ကွက်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ နတ်မောက်ရပ်ကွက်နှင့် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်အတွင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊(၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)