တောင်ဥက္ကလာ ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် (၆)ပေါက်တန်းခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစင်အဖြစ်ပြိုင်ပွဲဝင်အသင်းများဖြစ်သော ဒဂုံမြို့သစ်ခရိုင်နှင့်အင်းစိန်ခရိုင်၊ ဗိုလ်တစ်ထောင်ခရိုင်နှင့်မရမ်းကုန်းခရိုင်တို့၏ မဟာဒူး၊ တည့်ဖဝါး၊ စလွယ်ကြီး၊ ဝိုက်ကြီး၊ တည့်ဖနောင့်၊ မဟာကြီးစသည့်ယှဥ်ပြိုင်မှုများဖြင့် အကြိတ်အနယ်ရင်ဆိုင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလက်ရွေးစင်အဖွဲ့၊ ခရိုင်စုပေါင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမျိုးဆက်သစ်လူငယ်မောင်မယ်များအဖွဲ့တို့မှ သရုပ်ပြခြင်းခတ်ကစားကြပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်အဖြစ် တက်သစ်စ(အမျိုးသမီး)ဆုရကစားသမား၊ သင်္ဃန်းကျွန်းခရိုင်ကိုယ်စားပြု၊ မဖြူစင်ဖြိုးအား ရန်ကုန်တိုင်းဒေသကြီးခြင်းလုံးဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသော်တာမှလည်းကောင်း၊ တက်သစ်စ(အမျိုးသား)ဆုရကစားသမား၊ သန်လျင်ခရိုင် ကိုယ်စားပြုမောင်ထက်မြတ်အားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဦးကျော်ကျော်စိုးမှလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရရှိသောဗိုလ်တစ်ထောင်ခရိုင်ကိုယ်စားပြုမောင်ဇင်လင်းထက်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်းကြီးဦးဌေးအောင်မှလည်း ကောင်း၊ နှစ်သိမ့်ဆုရရှိသောဒဂုံမြို့သစ်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှလည်းကောင်း၊ တတိယဆုရရှိသောမရမ်းကုန်းခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်မှလည်းကောင်း၊ ဒုတိယဆုရရှိ သော၊ အင်းစိန်ခရိုင်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးရာဝန်ကြီး၊ မြို့တော်ဝန်ဦးဗိုလ်ဌေးမှလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုရရှိသောဗိုလ်တစ်ထောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားအား ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းမှပေးအပ်ချီးမြှင့်ခဲ့ကာ သက်ဆိုင်ရာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှလည်း ဆုငွေများအသီးသီးထပ်ဆောင်းချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ အသီးသီးတက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ပြန်/ဆက်)