မော်လမြိုင် ဩဂုတ် ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၄၀)ဦးနှင့် မ(၅၀)ဦး စုစုပေါင်း(၉၀)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေးစစ်ဆေးမှု တစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါကသက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ် များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့ မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၉၄၅၀)ဦးရှိပြီးဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)