ရွှေဘို ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြု လူနာ(၉) ယောက်ကို ဒီကနေ့ ဒီဇင်ဘာ(၁၈)ရက် မနက်ပိုင်းက ဆေးရုံဆင်းခွင့်ပေးလိုက်တယ်လို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ကပြောပါတယ်။
ဆေးရုံဆင်းခွင့်ရသူတွေက အမျိုးသား(၇) ယောက်၊ အမျိုးသမီး(၂) ယောက် ဖြစ်ပါတယ်၊ သူတို့တွေကတော့ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာက အမျိုးသား(၁) ယောက်၊ ရွှေဘိုမြို့ သရက်ခြံရပ်က အမျိုးသား(၁) ယောက်၊ သူဇာရပ်က အမျိုးသား (၂) ယောက်၊ အမျိုးသမီး(၁) ယောက်၊ မြတောင်ရပ်က အမျိုးသား(၁) ယောက်၊ အမျိုးသမီး(၁) ယောက်၊ ဘူတာ(က) ရပ်က အမျိုးသား(၁) ယောက်၊ သက်သာပန်းတောင်းရပ်က အမျိုးသား(၁) ယောက် စုစုပေါင်း(၉) ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဆေးရုံဆင်းခွင့်ရသူတွေ အနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ နေအိမ်တွေမှာ (၇) ရက် အသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ကပြော ပါတယ်။ ရွှေဘိုမြို့နယ်မှာ ယနေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၁၅၂) ယောက်ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရသူကတော့ (၁၁၄) ယောက် ရှိပါတယ်။
ထွန်းမြင့်အောင်(ရွှေဘို)