စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၈၄) တန်အား လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် (၉) နာရီက အာဆီယံ+၃ နိုင်ငံအဖွဲ့ဝင် ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၈၄) တန်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆန်(၈၄)တန်အား စစ်ကိုင်းတိုင်းဒေသကြီးသို့ လွှဲပြောင်း ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

“ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အခက်အခဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းက မိသားစု (၈၅၂၈) စုကို အကျိုးရှိစေမဲ့ ဆန်တန်ချိန် (၈၄) ကို ထောက်ပံ့ လှူဒါန်းတာ ဖြစ်ပါတယ်၊ လှူဒါန်းတဲ့အခါမှာ အာဆီယံ+၃ မှာပါတဲ့ အဖွဲ့ဝင် ကိုရီးယား သမ္မတနိုင်ငံကနေ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးကို ပေးလှူခဲ့တာ ဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်း၊ ဧရာဝတီစသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်(၁၀)ခုရှိ အိမ်ထောင်စုပေါင်း (၆၀၀၀၀) ကျော်အတွက် ဆန်တန်ချိန် (၆၀၀) ကျော်ကို လှူဒါန်းခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု (၈၅၂၈) စုကို ထောက်ပံ့ပေးနိုင်ရန် ဆန် (၈၄) တန်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဦး (ဇေယျာတိုင်း)