မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၅၁) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် ထားသူ (၅၁) ဦးထံမှ နှာခေါင်းနှင့် အာခေါင်းတို့ပတ်များရယူ၍   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့ထားသူ Primary Contact (၄၁) ဦး အား Rapid Diagnosis Test ( RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁) ဦးသာ ရှိခဲ့သည်။ ထို့နောက်   အနံ့ပျောက်သူ (Anosmia)  (၁၀) ဦးအား PCR Test ဖြင့် စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲနမူနာများကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ဆက်လက်ပို့ဆောင်ပေးခြင်းနှင့် RDT စစ်ဆေးမှုမှ ရောဂါပိုး တွေ့ရှိသူ(၁) ဦးအား ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေးအတွက် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှု များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သိမ်ဖြူလက်ဝှေ့ရုံ တွင် အသွားအလာကန့်သတ်ထားသူ (၅၁) ဦးအား  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများအား မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် Swab Team မှ ဒေါက်တာဟေမာဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)