လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်းများ ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ         ​ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Community Partners International (CPI) အပြည်ပြည်ဆိုင်ရာ လူမှုမိတ်ဖက်အဖွဲ့အစည်းမှ အေးလင်းသာယာကွင်းအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်တို့က အဖွင့်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ လူမှုမိတ်ဖက်အဖွဲ့အစည်း(CPI) ဒေသဆိုင်ရာမန်နေဂျာ ဒေါက်တာဥက္ကာအောင်က မြိုင်ကြီးငူနေရပ်စွန့်ခွာ ပြည်သူများ စခန်းရှိ အိမ်ထောင်စုများအတွက် ဆန်နှင့်အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာ ပြည်သူများစခန်းရှိ ဒေသခံပြည်သူအိမ်ထောင်စုပေါင်း (၈၅၇)စုအတွက် ဆန်အိတ်ကြီး (၂၄)ပြည်အိတ် (၃၅၀)အိတ်၊ ဆန်အိတ်သေး(၁၆)ပြည်အိတ်(၄၈၄)အိတ်၊ ကြက်သွန်၊ အားလူး၊ ပဲနှင့် ဆီတို့ကို အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)