ပွင့်ဖြူ ဒီဇင်ဘာ ၁၈
ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာရုံးများနှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေး သတိမူစေရန်နှင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၈ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ ဝင်များက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဗူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များ ၊ မီးငြှိမ်းသတ်ကိရိယာများဖြင့် စနစ်တကျ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်သခြင်းများ ပြုလုပ်ဆောင်ရွက်ရာ ဝန်ထမ်းများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြပြီး လက်တွေ့မီးငြှိမ်းသတ်နည်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ က မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ် ရမည့် နည်းလမ်းများ ၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေး အန္တရာယ်မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ အခါအား လျော်စွာ စစ်ဆေးဆောင်ရွက်ရန် ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် စသည့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ရုံးအတွင်း တပ်ဆင် ထားရှိသော လျှပ်စစ်မီးကြိုးများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံ ပြည်သူများ မီးဘေးလုံခြုံ စေရေးအတွက် ယခုကဲ့သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများနှင့် ပြည်သူများ သိရှိလိုက်နာနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ် ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )