ပုဇွန်တောင် ဒီဇင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ် ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက စျေးများ၊ လူစည်ကားရာနေရာများနှင့် ကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင်ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်း (၁၀၀)စောင်၊ mask(၂၀၀)ခု၊ Face Shield (၁၀၀)ခုတို့ကို ပေးဝေခဲ့ကြသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။
နေခြည် (ပြန်/ဆက်)