လက်ပံတန်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ကျွန်းကလေးကျေးရွာအုပ်စု စားကျက်မြေပေါ်တွင် ကျွဲနွား အာဟာရဖွံ့ဖြိုးစေရန် နေပီယာမြက် စံပြကွက်(၁)ဧက စိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါနေပီယာမြက် စံပြကွက်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ အာဟာရဓာတ်ပြည့်ဝသော အဆင့်မြင့်စား ကျက်များ ပြုစုပျိုးထောင်ပေးရန်နှင့်အစားအစာရှာပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်နှင့် တိရစ္ဆာန်များ ကြီးထွားနှုန်း၊ သားပေါက်နှုန်း၊ ထုတ်လုပ်မှုနှုန်းများကောင်မွန်စေရန်နှင့် အဓိကအားဖြင့် ကျွဲနွားမွေးမြူ ရေးလုပ်ငန်းသည် နှစ်ရှည်မွေးမြူ ရေးဖြစ်ခြင်းကြောင့် အစာကုန်ကျ စရိတ်သည် အရင်းအနှီး၏ (၇၀-၈၀)ရာခိုင်နှုန်း ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစေသော နည်းလမ်းဖြင့် မွေးမြူနိုင်မှသာ အကျိုးအမြတ် ရရှိစေနိုင်မည်ဖြစ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် အဆိုပါမြက်များကို မြို့နယ်အတွင်းရှိ ကျွဲနွားမွေးမြူသူများကို အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုး ဒေါက်တာ စိုးမိုးဝင်းကပြောကြားသည်။
ဝင့်နန္ဒာဌေး