တိုက်ကြီးမြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းအစီအစဉ် ကျင်းပ

တိုက်ကြီး ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် အသိပညာပေးနိုင်ရေးရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူးကာ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းအစီအစဉ်ကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်က တိုင်းရင်းသားအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လဝကမှူး ဦးဇော်ဝင်းမောင်က ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထိုက်က အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဦးစီးအရာရှိ နန်းကြည်ကြည်ဝင်းက တိုင်းရင်းသားစာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ ခန့်ထားပေးနေမှုကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများအား ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)