လှည်းကူး သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၇ ရက်နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလံတပိုတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လှည်းကူးမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လှည်းကူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လှက အားကစားနှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်စုံကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က (ခွဲ)အလံတပိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကားပြောကြား ခဲ့သည်။
အဆိုပါကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်ပြပွဲများ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ online လိမ်လည်မှုနှင့်ပတ်သက်သည့် အသိပညာပေး Video clip အား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ပြသခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့ (လှည်းကူး)