တိုက်ကြီး ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဩဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်ရာ လူငယ်များ ပညာရည်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးနှင့် ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗဟုသုတရရှိစေမည့် အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရမည့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)