သင်္ဃန်းကျွန်း သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာနေရသည့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်(၉)နာရီအချိန်က စံပြရပ်ကွက်၊ ရန်မျိုးအောင်ဘုရား မဟာဓမ္မပါလဓမ္မာရုံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်ကော်မရှင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက ပြည်သူများအား ၂၀၂၅ခုနှစ် (ဧပြီလ၊ မေလ၊ ဇွန်လ) အတွက် တစ်ဦးလျှင် ၆၀၀၀၀/- ကျပ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာ၌ ခရီးလွန်နေသူများ၊ သက်ကြီးရွယ်အိုများ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)