လှိုင်းဘွဲမြို့နယ် နေရပ်စွန့်ခွာပြည်သူများစခန်းမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ       ​ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နေရပ်စွန့်ခွာ ပြည်သူများစခန်းမှ အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ UM Womanအဖွဲ့နှင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အေးလင်းသာယာကွင်းအတွင်းရှိ စာသင်ကျောင်းဆောင်၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင် တို့က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် UM Woman အဖွဲ့မှ တာဝန်ခံ ဒေါ်စန္နာဝင်းက အမျိုးသမီးဘဝဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် UM Woman အဖွဲ့မှ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒေါ်မာမာချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၁၁)နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့အထိ တစ်လတာသင်ကြားပေးသွားမည်ဖြစ်ပြီး နေရပ်စွန့်ခွာပြည်သူများစခန်းမှ အမျိုးသမီး(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)