ဝန်းသိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရင်းနှီးငွေကျပ် (၁၃၂၃.၅) သိန်းဖြင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်

ဝန်းသို ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌လာစေရေးအတွက် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ၊ ယူနစ်ပေါင်း(၂၁)ယူနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးဌာန ဝန်ထမ်းများသည် မြစိမ်းရောင်စီမံကိန်းကျေးရွာ ၅ ရွာသို့ ကွင်းဆင်း၍  လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငုဝါဆန်းနှင့် ဒေါ်ဇင်မာဆန်းတို့ ဦးဆောင်သောအဖွဲ့က ကင်မွန်းခြုံကျေးရွာ၊ ခပ်ချိုကျေးရွာ၊ ထုံးဘို ကျေးရွာ၊ အင်းမကျေးရွာ၊ အလယ် ကျွန်းကျေးရွာများတွင် ကော်မတီဝင်များ၏ စီမံကိန်းငွေ စာရင်းပုံစံများ ပြုစုထားရှိမှု၊ စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အသေးစားရောင်း ဝယ်ရေးစသည့် လုပ်ငန်းများ မြေပြင်အမှန်အကောင် အထည်ဖော် ဆောင်ရွက် ထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စာရင်း ဇယားများ မှန်ကန်စေရေးနှင့် ဝင်ငွေရ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်စေရေး တည့်မတ်မှာကြားခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ ၅ ရွာတွင် စုစုပေါင်း စီမံကိန်းမတည်ရင်းနှီးငွေကျပ်(၁၃၂၃.၅)သိန်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၆၆) ဦး၊ မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ (၁၃၈) ဦး၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ (၂၁) ဦး စုစုပေါင်းအသင်း သား/သူ ၂၂၅ဦးတို့က လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)