ပခုက္ကူ မတ် ၁၉
ပခုက္ကူမြို့နယ် ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၉)နာရီက ပခုက္ကူမြို့၌ဖြန့်ဝေခဲ့သည်။
ကျန်းမာရေးဌာန ဆရာဆရာမများ၊ သုဂတိလူမှုကူညီရေးအသင်း၊ မျိုးမြန်မာ လူမှုကူညီရေး အသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်း၊ တွဲလက်များ ပရဟိတအဖွဲ့တို့စုပေါင်း၍ မြို့မလမ်း၊ ဗိုလ်ချုပ်လမ်း၊ မြိုင်လမ်းနှင့် ထင်းတန်းလမ်းစသည့် လမ်းကြောင်း (၄) ကြောင်းခွဲ၍ ပြည်သူလူထုသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းကို လမ်းဘေးဝဲယာတစ်လျှောက်ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူမြို့တွင် ယခင်ရက်များကလည်းဈေး၊ မြို့ပေါ်ရပ်ကွက်များ၊ ကားဂိတ်များတွင် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ တန်ခိုးကြီးဘုရားများ၊ စာကြည့်တိုက်နှင့်အချို့ရုံးဌာန၊ အဖွဲ့အစည်းများတွင် လက်ဆေးရန်နေရာများ သီးခြား ဆောင်ရွက်ထားရှိလာကြောင်း သိရသည်။
ကိုဇော်(ဓာတု)