ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ Quarantine Centre တွင် ကိုဗစ်-၁၉ Positive အချုပ်သားများ ထားရှိကုသနိုင်ရေး အချုပ်ထောင် ပြုလုပ်ရန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ရိုးမရိပ်သာ စျေးရုံတွင် ပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေး၌ လုံခြုံရေးလေ့လာဆန်းစစ်ရေး(Security Survey)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အဖွင့်အမှာစကားပြောကြားရာတွင် ရိုးမရိပ်သာ Quarantine Centre ရှိ အဆောက်အဦးများတွင် Positive အချုပ်သားများ ထားရှိနိုင်ရေးအတွက် အချုပ်ဆောင်သံတိုင် တပ်ဆင်ခြင်း၊ သံဇကာတပ်ဆင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ကင်းတဲအဆောက်အဦ အပါအဝင် အခြား လိုအပ်သည်များ မွမ်းမံတည်ဆောက်ရန်အတွက် ကုန်ကျစရိတ် တွက်ချက်ခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန် ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော လုံခြုံရေးလေ့လာဆန်းစစ်ရေး (Security Survey) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ဆေးရုံကုသရေးတာဝန်ခံ ဒေါက်တာအေးအောင် နှင့် အဖွဲ့တို့မှ ပြင်ဆင်ရန်လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ အား ဆွေးနွေးတိုင်ပင်ပြီးနောက် အဆိုပါ တိုက်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေကြည်(ပြန်/ဆက်)