ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ကြိုတင် ်စီမံဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် ကြိုတင် စီမံဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီနာယက၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ကာလ အလွန် မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အလိုက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကြောင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်မှုများအပေါ် ပြန်လည်ကုစားနိုင်ရေး ခရီးသွားလုပ်ငန်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွား ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဒေသခံမြို့မိမြို့ဖများအနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန် က မကွေးတိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အားသာချက် ၊ အားနည်းချက်များ ၊ ခရီးသွား လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ၊ ကိုဗစ် - ၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်သည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် လာရောက်အပန်းဖြေလေ့လာစရာ သမိုင်းဝင် တန်ခိုးကြီးဘုရားများ ၊ သဘာဝရှုခင်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဆံရစ်ဝိုင်း ထားသိုမှု ဓလေ့များ၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝများကို ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မည်ဆိုပါက ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားစေမည်ဖြစ်၍ များစွာအကျိုးရှိမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပွင့်ဖြူမြို့နယ်ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းသိန်းအောင်က ပွင့်ဖြူမြို့နယ်အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်နိုင်မည့် နေရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသည့် ဌာနဆိုင်ရာများ ၊ ဒေသခံမြို့မိမြို့ဖများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရာ ပွင့်ဖြူမြို့နယ် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီနာယက ၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)