ကော့မှူး ဒီဇင်ဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာ ဆောင်ရွက်ကြ ရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်ဈေးများ အတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန် ဆိုင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်း အရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချ ရေး၊ ဈေးအတွင်းဈေးဝယ်ဈေးရောင်းချသူများအား နှာခေါင်းစည်း Mask တပ်ဆင် ရောင်းချရေး ဆောင်ရွက်ကြရန်၊ ဈေးများတွင် လက်ကိုင်စပီကာများဖြင့် ကိုဗစ်-၁၉ အသိပညာပေးမှုများ ဆောင်ရွက် ကြရန်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက် နေမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး သို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးနှင့် မြို့နယ်ကိုဗစ်-၁၉ အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဲဋ္ဌနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး