ပန်းတောင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်း ဆောင်ရွက်ပြီးစီး သည့် စီမံကိန်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လူထုဗဟိုပြုစီမံကိန်းရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ်လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့်အတူ ပန်းတောင်းမြို့နယ်အတွင်း စီမံကိန်းဆောင်ရွက်ပြီးစီးသော ရုံးပုကျေးရွာ၊ ရွှေညီနောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဘူးဘက်ကျေးရွာ၊ ဆေးတောကျေးရွာ၊ ရှားဖြူကွင်းကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ မြို့ကြီးကျေးရွာနှင့် ကျောင်းဦးကျေးရွာများသို့ ကွင်းဆင်းသွားရောက်၍ ကျေးရွာများတွင် ထိန်းသိမ်း ထားရှိရမည့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု၊ ဝယ်ယူရေးဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု Infra လုပ်ငန်းများ အခြေအနေနှင့် Revised Estimate ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)