ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ  ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လွင်ဝေအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်မည့် Myanmar Land ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအကျယ်ရရှိရေး တိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးလက်ကုန်ထုတ်လမ်းသစ် ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်လွင်ဝင်အောင်နှင့် ဝန်ထမ်းများ ၊ တင်ဒါအောင်မြင်သည့် Myanmar Land ကုမ္ပဏီမှ တာဝန်ရှိသူများက ဒေသခံရပ်မိရပ်ဖများ လိုက်ပါ၍ ကျေးရွာကုန်ထုတ်လမ်း အရှည်ပေ (၁)မိုင် ၊ ၄ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး တိုင်းတာ စစ်ဆေးခဲ့ကြပြီး ဒေသခံပြည်သူများအား ကုန်ထုတ်လမ်းအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်နှင့် ကြိုတင် ဆောင်ရွက်ရမည့်လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရေး ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာကုန်ထုတ်လမ်းအား ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၃၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Myanmar Land ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ပေးသွားမှာဖြစ်ပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိစေမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)