စေတုတ္တရာ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာ တောင်သူ(၅)ဦး၏ မျိုးသန့်မျိုးပွားမျိုးစေ့ (R.S)အဆင့် မနောသုခ မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် မျိုးစေ့ထုတ်စိုက်ခင်းတောင်သူတို့ ပူးပေါင်း၍ ကျန်စိမ့်ကျေးရွာ တောင်သူ(၅)ဦး၏ မျိုးသန့်မျိုးပွားမျိုးစေ့ (R.S) အဆင့် မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းစံကွက် (၁၀)ဧကအား ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်းနှင့် စိုက်ခင်းတစ်ဧကလျှင် အစိုတင်းထွက်နှုန်း(၁၀၁.၅၆)တင်းနှင့် အခြောက်တင်း အထွက် နှုန်း (၉၁.၄၀)တင်း ထွက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက (၁၀၀) စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့်များသုံးစွဲနိုင်ခြင်း၊ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သော စပါးမျိုးများ စိုက်ပျိုးနိုင်ခြင်း၊ ထွက်ရှိ လာသည့် ဆန်အရည်အသွေး ကောင်းမွန်ခြင်းနှင့် ဈေးကောင်းရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)