စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုး တောင်သူများ လေ့လာနိုင်ရန် လက်တွေ့ စိုက်ပျိုး နည်းပညာများ ဖြန့်ဝေပေး

စစ်ကိုင်း     ဒီဇင်ဘာ     ၁၉

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာန ဝန်ထမ်းများ၊ အုန်းတောနည်းပညာ ပြန့်ပွားရေးစင်တာနှင့် ညောင်ပင်ဝန်း နည်းပညာ ပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်သူများ လေ့လာနိုင်ရန် သက်ဆိုင်ရာ နယ်မြေစခန်းများတွင် လက်တွေ့ စိုက်ပျိုးပြီး နည်းပညာများ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

" စစ်ကိုင်းမြို့နယ် အတွင်းမှာရှိတဲ့ မိုးစပါးစိုက်ပျိုး တောင်သူတွေ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူတွေကို သီးနှံများ အထွက်နှုန်းကောင်းအောင် ကွင်းဆင်း၍ စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းသည်အထိ အလေအလွင့် မရှိစေရေး၊ ရိတ်သိမ်း ချိန်လွန် နည်းပညာများ ဆွေးနွေးပေးကာ မျိုးစေ့ထိန်းသိမ်းနည်းများကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အခုလဲပဲ တောင်သူများ လေ့လာနိုင်ရန်နှင့် ဝန်ထမ်းများအတွက်လည်း ပိုးသတ်ဆေး ဓာတ်ကြွင်းနှင့် မသန့်ရှင်းမှုများကြောင့် ဖြစ်တက်သည့် အစားအစာ ဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ အာဟာရပြည့်ဝ၍ လတ်ဆတ်သော သီးနှံများ အလွယ် တကူ ခူးဆွတ်စားသုံးနိုင်အောင် သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများတွင် ခရမ်းချဉ်၊ ကြက်သွန်နီ၊ ကန်စွန်း၊ ငရုပ်၊ ခရမ်း၊ ပဲလိပ် ပြာစသည့် သီးနှံများစိုက်ပျိုးကြပြီး စိုက်ပျိုးပြီးသီးနှံများအား ပေါင်းသင်ရေလောင်းခဲ့ကြခြင်း ဖြစ်ပါ တယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက် အခဲများ ရှိပါက သက်ဆိုင်ရာနည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ဇော်မြင့်နိုင်