ဝေါ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ ပန်းပဲစုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (VDP) ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း သိန်း(၁၀၀) လုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရန်အတွက် ချပြရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမိတ်ဆက် ခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၁၅)ရွာ စီမံကိန်း လုပ်ငန်းဆောင်ရွက် သွားမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် (၁) မှ ကိုယ်စားလှယ် ဦးမျိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ SAE ဦးမင်းထက်စံက စီမံကိန်းအကြောင်း ရှင်းလင်း ပြောကြား ပြီးနောက် အကြီးတန်းစာရေး ဒေါ်မြသီတာဦးက စီမံကိန်းကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)