ထိမံထိုကျေးရွာ၌ ရော်ဘာခြံ ပြုစုထိန်းသိမ်းခြင်း၊ အစေးခြစ်ခြင်းနှင့် အရည်အသွေးမြင့် ရော်ဘာပြား ပြုပြင်ထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်

ကြာအင်းဆိပ်ကြီး   ဒီဇင်ဘာ   ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရော်ဘာနှစ်ရှည်ပင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် ဒေသခံတောင်သူများအား ရော်ဘာခြံကို စနစ်တကျ စိုက်ပျိုးပြုစုနိုင်စေရေး ပင်စည်ထိခိုက်မှုမရှိပဲ စနစ်တကျ အစေးခြစ်တတ် လာစေရေး၊ ရော်ဘာဈေးနှုန်း မြင့်မားစွာ ရရှိလာစေပြီး ဝင်ငွေများ ပိုမိုတိုးပွားစွာ ရရှိလာစေဖို့အတွက် ရော်ဘာခြံပြုစုထိန်းသိမ်းခြင်း အစေးခြစ်ခြင်းနှင့် အရည်အသွေးမြင့် ရော်ဘာပြား ပြုပြင်ထုတ်လုပ်ခြင်း သင်တန်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က တံခွန်တိုင်ကျေးရွာ အုပ်စု ထိမံထိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ သင်တန်းတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ခင်သီနွယ်က သင်တန်းအဖွင့် အမှာ စကား ပြောကြားပြီး မြို့နယ်ဦးစီး ဦးဝေလင်းညွှန့်က သင်တန်းဖွင့်လှစ် လာရောက်ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ ဒုတိယပြည်နယ်ဦးစီးမှူးက ရော်ဘာကဏ္ဍဆိုင်ရာ နည်းပညာရပ်များအား ပို့ချပြီး လက်ထောက်ဦးစီးမှူး ဦးစောအောင်မြင့်က ရော်ဘာ အစေးခြစ် ဓားအခြေခံသွေးခြင်း နည်းစနစ် မှန်ကန်စေရေး ရော်ဘာ အစေးဖော်ခြင်း နည်းစနစ် မှန်ကန်ရေး နည်းစနစ်များကို လက်တွေ့ပို့ချ‌ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို စာတွေ့ လက်တွေ့ဖြင့် ()ရက်ကြာ ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)