ခန္တီး ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာတွင်ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံမြေပဲ၊ နေကြာသီးထပ် စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဟိန်စွန်းကျေးရွာ စုပေါင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ရေရှည် တည်တံ့သော စိုက်ပျိုးနည်းစနစ် များထဲက တစ်ခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်မပျက် စိုက်ပျိုးရေးလုပ်ငန်းစဉ်ဆိုင်ရာ သီးနှံမျိုးစုံရောနှော၊ အလှည့်ကျစိုက်ရန် သီးထပ် စိုက်ပျိုးခြင်း နည်းပညာ ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဆိုသည်မှာ စားနပ်ရိက္ခာ၊ သား၊ ငါးနှင့် အဝတ်အထည်များ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ကို သော်လည်းကောင်း၊ လူထုကျန်းမာရေး ကို သော်လည်းကောင်း၊ လူမှုအသိုက်အဝန်းကို သော်လည်းကောင်း၊ တိရစ္ဆာန်တို့၏ မြူးတူးပျော်ပါး နေထိုင်ပေါက်ပွားမှု အပေါ်တွင် လည်းကောင်း မထိခိုက်စေသည့် စိုက်ပျိုးထုတ်လုပ်နည်းစနစ် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးသိန်းထွန်းတင်က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သီးနှံပင်အတွက် လိုအပ်သော အာဟာရဓာတ်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းဝေက နှစ်ရှည်သီးပင်များ စနစ်တကျ စိုက်ပျိုးနည်းစနစ်များ၊ ဒုတိယဦးစီးမှူး ဦးမိုးမင်းက ဆောင်းမြေပဲ၊ နေကြာ ပင်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ် နှိမ်နင်းရေး၊ လက်ဖက်သိပ္ပံနည်းကျ စိုက်ပျိုး ထုတ်လုပ်သည့် နည်းစနစ်များအကြောင်းကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံမြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုး ထုတ်လုပ်ခြင်း တောင်သူနည်းပညာ ဆွေးနွေးပွဲကို တောင်သူ ၂၅ ဦးနှင့် စိုက်ပျိုးရေး ဝန်ထမ်းငါးဦးတို့က ဒီဇင်ဘာ ၂၀ ရက် ညနေ ၃ နာရီခွဲထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင် (ခန္တီး)