ထီးလင်း ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ ကုန်စုံဆိုင်များနှင့်အဖွဲ့ပိုင်(မြို့မဈေး)တွင် စားသုံးရန်မသင့်သည့် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေသော အစားအသောက် နမူနာ(၁၉)မျိုးနှင့် ခွင့်မပြုဆိုးဆေး Sudan III ရောင်းချမှု မရှိစေရေး အတွက် ယမန်နေ့ ညနေပိုင်းတွင် တာဝန် ရှိသူများက ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့ မြို့မစည်ပင်သာယာဈေးဆိုင်ခန်းများနှင့်မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် MK အမှတ်တံဆိပ်ပါ သစ်သီးယိုစုံနှင့် သရက်ပေါင်း၊ Doe Ka Lay အမှတ်တံဆိပ်ပါ သံပုယို ယိုစုံ၊ ရွှေအိမ်စည်၊ အလန်းလေးနှင့် ချစ်သူလေး ( Exp ; Dec 2020 ) အမှတ်တံဆိပ်ပါ မက်မန်းနီ၊ HITO အမှတ်တံဆိပ်ပါ တော်ဖီ ဇီးပြား၊ Orange Flavoured Soft Drink , Lemon Flavoured Soft Drink , အချိုရည်မျိုးစုံ၊ ASA (Exp ; 10-6-2021)အမှတ်တံဆိပ်ပါ Strawberry Flavoured Soft Drink(Yogurt King) , Main (Exp ; 22-5-2021)အမှတ်တံဆိပ်ပါ သံပုရာချိုရည်(Cordial) , မိုက်မိုက်(Exp;12-2020) အမှတ်တံဆိပ်ပါ ဝေဖာလုံး နှင့် ဦးဒိုင်ကြီး အမှတ်တံဆိပ်ပါ ငရုတ်ကြမ်းမှုန့် စသည် တို့ကို ရောင်းချခြင်း မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
အောင်စည်(ပြန်/ဆက်)